8 MIN READ

လျော်ကြေးကိစ္စသဘောတူညီမှုမရပဲ ရှေ့ဆက်နေသည့် မွန်ပြည်နယ်ရှိအခြေခံအဆောက်အဦစီမံကိန်း

28 November 2022

English     Myanmar

မြန်မာနိုင်ငံအာဏာသိမ်းစစ်တပ်သည် မွန်ပြည်နယ်ရှိအခြေခံအဆောက်အဦစီမံကိန်းအသစ်တစ်ခုအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို လူသိရှင်ကြားဖိတ်ခေါ်နေပြီး၊ ဒေသခံများကမူ စီမံကိန်း၏ ဆိုးကျိုး သက်ရောက်နိုင်ချေများနှင့် သိမ်းယူခံရမည့်မြေယာများအတွက် လျော်ကြေးကိစ္စ ရှင်းရှင်းလင်းလင်းမသိရှိရမှုများအတွက် စိုးရိမ်ပူပန်နေကြောင်း ဒေသခံရွာသား ၅ ဦးက Global Ground Media သို့ ပြောကြားခဲ့ပါသည်။

မွန်ပြည်နယ်တွင် နိုင်ငံတကာအဆင့်မီလေယာဉ်ကွင်းတစ်ခုနှင့် ကွန်တိန်နာဆိပ်ကမ်းတစ်ခုတည်ဆောက်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မွန်ပြည်နယ်၊ မော်လမြိုင်မြို ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည့် အောက်တိုဘာ ၁၈ တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစ၍ အကြမ်းဖက်မှုများဖြင့် ဖိစီးနှိပ်စက်နေပြီး၊ အာဏာသိမ်းစစ်တပ်နှင့်ဖက်ပြိုင်ဖြစ်သည့်အတိုက်အခံအစိုးရနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့များနှင့်မိတ်ဖက်ဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် အာဏာသိမ်းစစ်တပ်လက်အောက်ခံတပ်ဖွဲ့များအကြား ထိတွေ့တိုက်ခိုက်မှုများရှိနေသည်။

“လွန်ခဲ့တယ့်တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDFs) အင်အားများပြားလာပြီး၊ စွမ်းဆောင်ရည်တက်လာတယ်၊  အာဏာသိမ်းစစ်တပ်၏ အလားအလာအပေါ်များစွာခြိမ်းခြောက်နိုင်နေပြီ” ဟုအမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့အစည်း (United States Institute of Peace)က နိုဝင်ဘာ ၃ တွင် ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့အစည်း (AAPP)၏ အချက်အလက်များအရ၊ ယနေ့အထိ ပြည်သူ ၂,၅၀၀ ကျော်အသတ်ခံခဲ့ရပြီး၊  အနည်းဆုံး ၁၂,၉၀၀ ဉီးသည် အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။ မြန်မာစစ်တပ်ကမူ AAPP၏ ကိန်းဂဏန်းများသည် “ချဲ့ကားထားကြောင်း” ဆိုသည်။

အခြားတစ်ဖက်တွင် အချို့နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအုပ်စုများသည် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းနေကြရာ၊ အခြေခံအဆောက်အဦစီမံကိန်းသစ်တည်ဆောက်မည့် မွန်ပြည်နယ်က နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအုပ်စုများလည်းအပါအဝင်ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို အမျိုးသား ဒီမိုကရေစီအစိုးရအုပ်ချုပ်စဉ် ၂၀၁၈တွင် လက်မှတ်ရေးထိုးခဲ့သည်။ နိုင်ငံတော်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မေလတွင်၊ ထိုသဘောတူစာချုပ်အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ အာဏာသိမ်းစစ်တပ်နှင့် ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် ပြည်သူများအကြားအုတ်အော်သောင်းဖျ ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်စေခဲ့သည်။

ပြည်နယ်၏အခြားနိုင်ငံရေးပါတီ၊ မွန်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီသည် စစ်တပ်၏ စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ဆောင်ရွက်နေသည်။ ထို့ကြောင့် ကြေညာထားသည့် အခြေခံအဆောက်အဉီစီမံကိန်းများ အကောင်အထည်ဖော်ရေးတွင် ထိုနိုင်ငံရေးပါတီနှစ်ခုလုံး ပူးပေါင်းပါဝင်နေသည်ဟု မျှော်မှန်းရသည် ။

အခက်အခဲအခြေအနေများ

အာဏာသိမ်းစစ်တပ်၏ သတင်းမီဒီယာက ၂၀၂၂ခုနှစ်၊  ဩဂုတ် ၉ တွင် ကြေညာချက်အရ နိုင်ငံတကာအဆင့်မီလေယာဉ်ကွင်းအသစ်ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံရွာအနီးတွင်လည်းကောင်း၊ နိုင်ငံတကာအဆင့်မီဆိပ်ကမ်းအသစ်ကို ဘလောက်ညောင်ဝိုင်းရွာ နှင့် ဝဲဂလိရွာ အကြားတွင်လည်းကောင်း  တည်ဆောက်ရန် လျာထားသတ်မှတ်ထားသည်။

“စစ်အစိုးရအပေါ် နိုင်ငံခြားတိုင်းပြည်တော်တော်များများက စီးပွားရေးပိတ်ဆို့မှုတွေလုပ်ထားတော့ ဘယ်နိုင်ငံခြားသင်္ဘောတွေက ဒီဆိပ်ကမ်းကိုသုံးမှာလဲ? အခြားပြဿနာအတော်များများလည်းရှိနိုင်သေးတယ်။ ဒီလိုစီမံကိန်းတွေလုပ်တယ့်နေရာမှာ လျှပ်စစ်မီးလုံလုံလောက်လောက်ရရှိဖို့နဲ့၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ဖို့၊ နောက်နယ်မြေဒေသအေးချမ်းဖို့နဲ့ တရားဉပဒေစိုးမိုးဖို့လည်း လိုအပ်တာပေါ့။ အခုအချိန်မှာ အဲဒီနေရာတွေမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေရှိတယ်” ဟု ဒေသစီးပွားရေးလုပ်ငန်းရှင်တစ်ဉီးက Global Ground Media သို့ အောက်တိုဘာ ၃ တွင် ပြောကြားခဲ့ပါသည်။

အတိမ်းအစောင်းမခံနိုင်သည့်ကိစ္စများကြောင့် အမည်မဖော်လိုသည့် ထိုစီးပွားရေးလုပ်ငန်းရှင်က အရှေ့-အနောက်စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှုလည်း တိတ်ဆိတ်နေကြောင်းနှင့် နိုင်ငံအနေနှင့် လမ်းပန်းဆက်သွယ်ရေး၊လုံခြုံရေးနှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာအားနည်းချက်များရှိနေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အရှေ့-အနောက်စီးပွားရေးစင်္ကြံသည် တောင်တရုတ်ပင်လယ်ကို အိန္ဒိယသမုဒ္ဒရာနှင့့် ဆက်သွယ်ပေးသည့် လမ်းပန်းဆက်သွယ်ရေးကွန်ယက်ဖြစ်သည်။

“ထားဝယ်ရေနက်ဆိပ်ကမ်းလည်း ရပ်ထား၊ ပဲခူး-ဟံသာဝတီ လေဆိပ်လည်းရပ်ထား၊ ကုလားဂုတ်ကျွန်းလေဆိပ်စီမံကိန်းတည်ဆောက်ရေးလည်း မစသေးဘူး။ လက်ရှိအခြေအနေတွေအောက်မှာ ဘယ်လိုရင်းနှီးမြုပ်နှံသူမျိုးက ဒီစီမံကိန်းကို စိတ်ဝင်စားမှာလည်းဆိုတာ တကယ်စိတ်ဝင်စားမိတယ်” ဟု သူက ဆက်ပြောခဲ့ပါသည်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်ခွာနေခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းနေခြင်း နှင့် စီးပွားရေး စီမံခန့်ခွဲမှုအလွဲအမှားများကြောင့်လည်း မြန်မာ့စီးပွားရေးသည် အလွန်တန့်နေသည်။ မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ခန့်မှန်း ၁၈ ရာခိုင်နှုန်းမျှ ကျုံ့သွားခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်းမျှ တက်လာကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

အာဏာသိမ်းစစ်တပ်၏ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးက နိုင်ငံခြား ကျောထောက်နောက်ခံပြု “အဖျက်အမှောင့်” ကြောင့်ဟု စီးပွားရေးအကျပ်အတည်းအတွက် အပြစ်ဖို့ထားသည်။

အောက်တိုဘာ ၂၁ တွင် ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်အရေးယူရေးလုပ်ငန်းအဖွဲ့ (Financial Action Task Force – FATF) က အီရန်နှင့် မြောက်ကိုရီးယားတို့နှင့်အတူ မြန်မာနိုင်ငံအား “အရေးယူဆောင်ရွက်ရမည့် အန္တရာယ်မြင့်မားသည့်နိုင်ငံများ” အမည်ပျက်စာရင်းသို့ သွင်းခဲ့သည်။

အမည်ပျက်စာရင်းသွင်းခံရသည့်ဘဏ္ဍာရေးအဖွဲ့အစည်းများသည် သတ်မှတ်ထားသည့်နိုင်ငံ သို့မဟုတ် ထိုနိုင်ငံက လူပုဂ္ဂိုလ်များနှင့် စီးပွားရေးဆက်ဆံမှုများ သို့မဟုတ် ငွေကြေးလွှဲပြောင်းပေးပို့မှုများကို ကန့်သတ်လျော့ချခြင်း နှင့် ငွေကြေးလွှဲပြောင်းပေးပို့မှုများကို သတင်းပေးပို့ရန်သတ်မှတ်ချက်များ တိုးမြှင့်ခြင်းတို့ကဲ့သို့ FATF အကြံပြုသည့် တန်ပြန်အစီအမံများကို အကောင်အထည်ဖော်သင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ထိုနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအပေါ် စိန်ခေါ်မှုများလည်း ပိုမိုဖြစ်လာနိုင်သည်။

လျော်ကြေး

အာဏာသိမ်းစစ်တပ်က စီမံကိန်းခွင့်ပြုချက်ပေးပြီးနောက်၊ မွန်ပြည်နယ်အစိုးရသည် မြေဧရိယာတိုင်းတာမှုများပြုလုပ်ခဲ့သည်။ စီမံကိန်းသတ်မှတ်မြေ ၄၆၆၀ ဧကအနက်၊ ၄၃၀၀ ဧကကို လေဆိပ်အတွက် လျာထားခဲ့၍ ကျန် ၃၆၀ ဧက ကို ဆိပ်ကမ်းအတွက် ခွဲဝေသတ်မှတ်ထားသည်။

မွန်ပြည်နယ်၊ သဘာဝသယံဇာတဝန်ကြီး ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအနေနှင့် မြေယာလျော်ကြေးများ တာဝန်ယူတွက်ချက်ပေးရကြောင်းပြောကြားခဲ့ပါသည်။ “ပြည်နယ်အစိုးရက မြေယာလျော်ကြေးကိစ္စတစ်ခုဘဲဆောင်ရွက်ရတယ်။ ဘတ်ဂျက်က ပြည်ထောင်စုအဆင့်က စီမံတာဖြစ်တယ်။ ပြည်နယ်အစိုးရအနေနဲ့ လျော်ကြေးအစီအစဉ်ပဲတင်ပြထားတယ်” ဟု ဦးအောင်ကြည်သိန်းက Global Ground Mediaသို့ အောက်တိုဘာ ၁၉ တွင်ပြောကြားခဲ့ပါသည်။

နိုင်ငံတကာအဆင့်မီလေဆိပ်တည်ဆောက်ရန် လျာထားသည့် ကော့ပရံကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူ ဒေသခံတစ်ဉီးက စိုက်ပျိုးမြေများနှင့် အိမ်ထောင်စုများ စာရင်းပြုစုနေကြောင်းပြောခဲ့သည် – “ဘယ်မြေက ဘယ်ဈေးဆိုတာ အစိုးရဘက်က တရားဝင်ဘာမှမပြောသေးဘူး။ မြေကိုအစိုးရက သိမ်းလိုက်ပြီးရင်လျော်ကြေးမရမှာစိုးလို့ အချို့လူတွေက အဆင်ပြေတယ့်ဈေးနဲ့ ပွဲစားတွေနဲ့အခြားလူတွေကို ညှိနှိုင်းရောင်းချနေကြတယ်” ဟု  Global Ground Media သို့ အောက်တိုဘာ ၉ တွင် အမည်မဖော်လိုပဲပြောကြားခဲ့ပါသည်။

မွန်ပြည်နယ်အစိုးရသည် လျော်ကြေးငွေ စုစုပေါင်း၂၇ ဘီလီယမ်ကျပ် သို့မဟုတ် တစ်ဧကလျင်မြန်မာကျပ်ငွေ ၅.၇၉ သန်း ( အမေရိကန်ဒေါ်လာ ၂၇၂၈.၅၆) ပေးမည်ဟု ဝန်ကြီး ဦးအောင်ကြည်သိန်းက ပြောကြားခဲ့ပါသည်။ ဝန်ကြီးဦးအောင်ကြည်သိန်း၏ အပြောအရ၊ ငှက်ပျော်ပင်များ၊ ဆီအုန်းပင်များ၏ တန်ဖိုးအပါအဝင် လျော်ကြေးငွေတန်ဖိုးသည် ဒေသတွင်းလက်ရှိမြေပေါက်ဈေးထက်ပိုမြင့်သည်ဟု သိရသည်။

လျော်ကြေးငွေနှင့်ပတ်သက်သည့် ကိန်းဂဏန်းအမျိုးမျိုး ပျံ့နှံနေရာ၊ ပြီးခဲ့သည့် ဩဂုတ်လတွင် ငွေကျပ် ၇၂ ဘီလီယမ်ဟု ပျံ့နှံ့နေရာမှ နိုဝင်ဘာ ၃ တွင် ငွေကျပ် ၁၉ ဘီလီယမ်မျှ ဖြစ်လာခဲ့ပြီး၊ လယ်သမားများအကြား မရေရာမှုများဖြစ်ပေါ်စေခဲ့သည်။

မြေပိုင်ရှင်တစ်ဦးကလည်း လုံခြုံရေးအကြောင်းပြချက်များဖြင့် အမည်မဖော်လိုဘဲ Global Ground Media သို့ အောက်တိုဘာ ၂၆ တွင် ပြောကြားခဲ့သည်မှာ -“အခုလောလောဆယ်၊ သူတို့က ကျွန်တော် တို့နဲ့လာတွေ့နေတယ်။ ပြီးခဲ့တယ့်နွေရာသီမှာ ညှိနှိုင်းစဉ်ကတည်းက လျော်ကြေးပမာဏ သတ်မှတ်ထားတာ တိတိကျကျ မရှိသေးဘူး။ စီမံကိန်းဧရိယာလည်း မသတ်မှတ်ရသေးဘူး” ။

စစ်အစိုးရသည် ယင်းတို့ယခင်အုပ်စိုးခဲ့သည့် ၂၀၁၆ ခုနှစ်အထိကာလအတွင်း အသိမ်းခံမြေယာများအတွက် လျော်ကြေးပေးခဲ့ခြင်းမရှိသည့်သမိုင်းအစဉ်အလာကြောင့် ဒေသခံများအကြားစိုးရိမ်ပူပန်မှုများလည်း မြင့်တက်နေသည်။ မွန်ပြည်နယ်၊ ရေးမြိုနယ်၊ ကုလားဂုတ်ကျွန်းပေါ်က ဒေသခံများက ရေတပ်အခြေစိုက်စခန်းတည်ဆောက်ရန် ၂၀၀၁ တွင် သိမ်းယူခံရသည့် မြေယာများအတွက် လျော်ကြေးလုံးဝမရခဲ့ကြောင်း ပြောကြားခဲ့သည်။

ကော့ပရံကျေးရွာ ဒေသခံတစ်ဉီးက လုံခြုံရေးအတွက်အမည်မဖော်လိုဘဲ  Global Ground Media သို့ အောက်တိုဘာ ၅ တွင် ပြောကြားခဲ့သည်မှာ- “ရွာပြောင်းတာက နေသားတကျပြန်ဖြစ်ဖို့၊ နေရာကျဖို့ နှစ်တွေအချိန်တွေအများကြီးယူရလိမ့်မယ်၊ ကျွန်တော်တို့အတွက် လျော်ကြေးထိုက်ထိုက်တန်တန်ရမယ်ဆိုရင် အ ဆင်ပြေနိုင်တာပေါ့၊  ဒါပေမယ့် သမိုင်းစဉ်တလျှောက် ဘယ်တုန်းက အဲလိုလုပ်ပေးခဲ့လို့လဲ”။

စီမံကိန်းလုပ်ခဲ့လျင်၊ ဒေသငါးဈေးကွက်ကို ရွှေ့ရလိမ့်မည် ဟု ကျိုက်ခမီမြို့၊ ငါးလုပ်ငန်းရှင်တစ်ဉီးက  ပြောကြားခဲ့သည်။ “ဆိပ်ကမ်းကို မုဒုံမြို့နယ်၊ ဝဲဂလိရွာနားမှာ ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ကြားခဲ့တယ်။ အဲ့နေရာကို ကျိုက်ခမီရေလယ်ဘုရား [  ညောင်ဝိုင်းရွာ ]ကနေ လှမ်းမြင်နိုင်တယ်။ စီမံကိန်းလုပ်ဖြစ်ရင်၊ ငါးဈေးကွက်နေရာ ရွှေ့ရလိမ့်မယ်” ဟု ငါးလုပ်ငန်းလုပ်ကိုင်သူတစ်ဉီးက  Global Ground Media သို့ အောက်တိုဘာ ၁၀ တွင် ပြောကြားခဲ့သည်။

မုတ္တကွေ့မှ တောင်ဘက် တနင်္သာရီအထိ မိုင်ပေါင်း ၁၅၀ ရှည်သော ကမ်းရိုးတန်းတလျှောက်တွင် ငါးဖမ်းလှေပေါင်း တစ်ထောင်ကျော် ရှိ၍၊ ကျိုက်ခမီငါးဈေးကွက်သည် မွန်ပြည်နယ်တွင် အကြီးဆုံးဈေးတစ်ခုဖြစ်သည်။ အာဏာသိမ်းစစ်တပ်၏ အဆိုအရမူ ထိုစီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းများစွာဖန်တီးပေးမည် ဖြစ်သည်။

မွန်ပြည်နယ်မှ ငါးဖမ်းသူတစ်ဉီးက “အခုလိုနိုင်ငံရေးအခြေအနေတွေနဲ့ ဘယ်နိုင်ငံတွေက ရင်းနှီးမြုပ်နှံပြီး၊ သူတို့သင်္ဘောတွေကို ဒီဆိပ်ကမ်းမှာကမ်းကပ်ကြမလဲ တွေးမိတယ်။”

Article by Thaw Zin Oo and Yan Naing Aung.
Editing by Anrike Visser.

Copyright © 2022, rights reserved as set forth in the copyright notice.

Taking you where others don't
Ready to make sense of foreign news?

By subscribing you agree that your information will be transferred to MailChimp for processing in accordance with their Privacy Policy (https://mailchimp.com/legal/privacy/) and Terms (https://mailchimp.com/legal/terms/).