1 min read

ငြိမ်းချမ်းရေး ဘယ်လိုရယူနိုင်မလဲ

တိုင်းရင်းသားလူမျိုးစုများနှင့် ပဋိပက္ခများပါဝင်သည့် မြန်မာ့ဆက်ဆံရေး (အပိုင်း ၃)

4 October 2019

Burmese   English   Spanish   French   German   Dutch

Listen to this story (English).

၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့ ရန်ကုန်မြို့လည်ခေါင်တွင် ရဲအင်အားဖြည့်တင်းကာ ဆန္ဒပြသူများကို နံပါတ်တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ရဲကားများပေါ်သို့ တရွတ်တိုက် ခေါ်ဆောင်သွားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြသူများမှာ တစ်ခါတစ်ရံတွင် လည်ပင်းမှ တရွတ်တိုက်ဆွဲသွားခြင်း ခံရသည့်အခါတွင်တောင်မှ “ငြိမ်းချမ်းရေး လိုချင်တယ်” ဟူ၍ ဆက်လက် ကြွေးကြော်လျက်ရှိကြသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ စစ်ပွဲများရပ် ဆန္ဒပြပွဲမှ ဆန္ဒပြကြသူများ။ ရန်ကုန် ၂၀၁၈ခုနှစ်၊ မေလ (၁၂)ရက်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ စစ်ပွဲများရပ် ဆန္ဒပြပွဲမှ ရပ်တပ်ဖွဲ့ဝင်များ။ ရန်ကုန် ၂၀၁၈ခုနှစ်၊ မေလ (၁၂)ရက်။

လူပေါင်းထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည့် အဆိုပါ ဆန္ဒပြပွဲပြုလုပ်ခဲ့သည်လတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူများကို ထင်ဟပ်ပြသနိုင်ခဲ့သည်။ နိုင်ငံအတွင်းရှိ ဆယ်စုနှစ်ပေါင်း များစွာတိုင်အောင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားဌာနေတို့တွင် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း အမြစ်တွယ်နေမှု အပေါ်  စိတ်ပျက်ကာ လမ်းပေါ်ထွက် ဆန္ဒပြခြင်းတို့ပြုလုပ်ခဲ့ကြသည်။

“အစိုးရက ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိဘူးဆိုတာကို ကျွန်မတို့ [လူငယ်အဖွဲ့]က သတိထားမိကြပါတယ်။ အစိုးရက ဟန်ပြသက်သက်သာ လုပ်နေပုံပါပဲ။” ဟု မေလ ၁၂ ရက်နေ့ လူငယ်တက်ကြွ ဆန္ဒပြသူ သဉ္ဇာရွှန်းလဲ့ရီက မြန်မာနိုင်ငံသား အားလုံးအတွက် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ပေးစွမ်းမည်ဟုသော အစိုးရ၏ မဲဆွယ် ကတိများအကြောင်း ပြန်လှန်ပြောပြခဲ့သည်။ “ဒါကြောင့် ငြိမ်းချမ်းရေးလိုချင်တဲ့အကြောင်း လူထုကို အသိပေးဖို့ တတ်နိုင်သမျှ ဆောင်ရွက်သွားဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ အာဏာရရှိပြီး သုံးနှစ်အကြာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလျော့လာကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

မူရင်း ၁၉၄၇ ပင်လုံညီလာခံအပေါ် မှီငြမ်းထားသည့် “၂၁ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံများ” ဟူသည့် ငြိမ်းချမ်းရေးစကား၀ိုင်းကို တစ်နှစ်နှစ်ကြိမ်ပြုလုပ်ရန် အစီအစဉ်ကို ၂၀၁၆ ခုနှစ် မတ်လတွင် NLD မှကြေညာခဲ့သည်။

သို့သော် ပထမဆုံးညီလာခံ ပြုလုပ်ခဲ့သည့် ၂၀၁၆ခုနှစ် ဩဂုတ်လတွင် ပြဿနာများ ရှိနေခဲ့ သည်။ Ta’ang National Liberation Army နှင့် Arakan Army အစရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြားထားခြင်း မရှိပေ။ ညီလာခံပြုလုပ်နေစဉ် ၎င်းတို့သည် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆက်လက်တိုက်ခိုက်လျက် ရှိကြသည်။

ကြိမ်ဖန်များစွာရွှေ့ဆိုင်းမှုများ ပြုလုပ်ပြီးနောက် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ညီလာခံများကို ပြုလုပ်ခဲ့သော်လည်း တစ်ကြိမ်ထက်တစ်ကြိမ် ခရီးတွင်ခြင်း မရှိပေ။ တတိယညီလာခံတွင် Karen National Union နှင့် Restoration Council of Shan State အစရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းတို့ ထွက်ခွာခဲ့ခြင်းမှာ သဘောတူညီမှုများကို အဓိပ္ပါယ်ရှိရှိ အကောင်အထည်မဖော်နိုင်ကြောင်း ဖော်ပြရာရောက်သည်။

“သဘောတူညီမှုကို အကောင်အထည်မဖော်နိုင်အောင် တပ်မတော်မှ တားမြစ်ခဲ့ တာကြောင့် ၂၀၁၅ခုနှစ် နိုင်ငံတစ်ဝှမ်းအပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အပေါ် မျှော်လင့်ချက်တွေ အကြိမ်ကြိမ် လျော့နည်းခဲ့ပုံမှာ အံ့ဩစရာပါပဲ။” ဟု အလွတ်တမ်း ဥပဒေအကြံပေးဖြစ်သူ Jason Gelbort ကပြောကြားခဲ့သည်။ “အထူးသဖြင့် တပ်မတော်မှ ပြည်သူတွေအပေါ် ထိုးစစ်ဆင်တာတွေ၊ အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက် ရှိနေတဲ့အခါ NCA လုပ်ငန်းစဉ်ကို အခြားအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင် လာစေဖို့ ဆွဲဆောင်နိုင်ခြင်း မရှိပါဘူး။”

ပြဿနာ၏ အဓိကအကြောင်းအရင်းတစ်ခုမှာ တပ်မတော်နှင့် တိုင်းရင်းသား အဖွဲ့အစည်းတို့မှာ လုံး၀မတူညီသည့် ရလာဒ်များကို လိုလားသဖြင့် ညှိနှိုင်းဆောင်ရွက်ရန် လုပ်ငန်းစဉ်မှာ ခက်ခဲကျပ်တည်းခဲ့ရသည်။

“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အသိုင်းအဝိုင်းများနှင့် အသိုင်းအဝိုင်းဝန်ဆောင်မှုအဖွဲ့အစည်းများသည် ပြည်နယ်၏ ဖွဲ့စည်းပုံကို အသွင်ပြောင်း လိုပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တရားဝင်မှုကို လက်မခံကြပါဘူး။ သူတို့ အနေနဲ့ အနာဂတ်မှာ ပြည်ထောင်စုကြီး ဘာတွေဖြစ်မလဲ၊ အာဏာကို ဘယ်လိုခွဲခြမ်းမလဲ၊ အခွင့်အရေးတွေ ဘယ်လိုကာကွယ်မလဲ ဆိုတာကို ဆွေးနွေးလိုတာပါ။” ဟုသူက ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွင် တိုက်ရိုက်ပါဝင်ခဲ့ကြသူများ၏အမြင်တွင် တပ်မတော်မှ ဆန့်ကျင်ဘက်ကိုသာ လိုလားနေသည်ဟု မြင်ကြသည်။

“[ဗိုလ်ချုပ်မှူးကြီး]မင်းအောင်လှိုင်က ဒီနိုင်ငံမှာ စစ်တပ်တစ်ခုတည်း ရှိစေချင်ပြီး ကျွန်တော် တို့ကို လက်နက်ချစေချင်တယ်။ စစ်တပ်တစ်ခုတည်းနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင် လိမ့်မယ်ဆိုတာ ကျွန်တော်တို့ သဘောတူပါတယ်။ ဒါပေမယ့် လက်နက်ချခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာက အမွေဆက်ခံခွင့်ပါ။” ဟု Shan State Progress Party/Shan State Army ၏ နာယကဖြစ်သူ Sao Hso Ten ကပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ ပြည်ထောင်စုကြီးကနေ ဘယ်တော့မှခွဲထွက်ခြင်း မပြုလုပ်သင့်ပါဘူး။ ဒါပေမယ့် ခွဲထွက် ပိုင်ခွင့်ကတော့ ကျွန်တော်တို့ရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်လို့ [သူက]ပြောခဲ့တယ်။”

Sao Hso Ten ပြောကြားသည့် ခွဲထွက်ပိုင်ခွင့်ဆိုသည်မှာ ပြည်ထောင်စုအဆင့် အစိုးရထံမှ တိုင်းရင်းသားလူမျိုးအုပ်စုများထံသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိစေနိုင်မည့် ၁၉၄၇ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ အကြား လက်မှတ် ရေးထိုးခဲ့သည့် မူလပင်လုံစာချုပ်ကို ရည်ညွှန်းထားခြင်းသည်။ သို့သော် ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးမှုနှင့်အတူ နောက်ဆုံးတွင် စစ်အစိုးရအုပ်ချုပ်မှုတို့ကြောင့် အဆိုပါ သဘောတူညီချက်ကို အကောင်အထည် ဖော်ခဲ့ခြင်း မရှိပေ။

မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်အမတ် ၄၄၀ ၏ ၇၅%မှ ပြင်ဆင်ချက် အပေါ် မဲပေးရန် လိုအပ်သည်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင် အမည်ဆိုးဖြင့် ကျော်ဇောသော ပုဒ်မ ၄၃၆ အရ တပ်မတော်အား ခုံနေရာ ၁၀၀ သို့မဟုတ် လွှတ်တော်ခုံနေရာ၏ ၂၅% ကို အလိုအလျောက် ပေးအပ်ထားခြင်းကြောင့် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

“မင်းအောင်လှိုင်က လက်နက်ကိုင်လှုပ်ရှားမှုကို ရပ်တန့်ဖို့၊ လက်နက်ကိုင် အုပ်စုကို ဖျက်သိမ်းပြီး လွှတ်တော်မှာ ပါဝင်ဖို့ အချိန်တန်ပြီလို့ပြောတယ်။ ဒါပေမယ့် အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ကိုမှ မလွန်ဆန်နိုင်တာ။ အဲ့ဒီတော့ ပြောင်းလဲချိန် တန်ပြီဆိုပေမယ့် ဘယ်လိုပြောင်းလဲနိုင်မလဲ။ ဒါကြောင့် ကျွန်တော်တို့မှ လက်နက်မကိုင်ရင် ကျွန်တော်တို့တွေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိခဲ့ရတယ်” ဟု Sao Hso Ten ကပြောကြားခဲ့သည်။

ကွတ်ခိုင်မြို့မှ ကားဖြင့်သွားလျှင် မိနစ် ၄၀ခန့်အကွာတွင်ရှိသော ပြည်သူ့စစ်တပ်မှ အပြည့်အ၀ အုပ်ချုပ်လျက်ရှိသည့် မနောမြို့အရှေ့တွင် မတ်တပ်ရပ်နေသော ကောင်းခ ပြည်သူ့စစ်တပ်ဖွဲ့ဝင်။ ကွတ်ခိုင်မြို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်။

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ပြင်က ဌာနချုပ်အတွင်းရှိ ရုံးခန်းတွင် ကောင်းခပြည်သူ့စစ်တပ်၏ ဗိုလ်ချုပ် Zawn Lum ထိုင်နေပုံ။ ကွတ်ခိုင်မြို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်။

ကောင်းခပြည်သူ့စစ်တပ်ဖွဲ့ကျေးရွာနှင့် ဌာနချုပ်၏ ဝင်ပေါက်တွင် မတ်တပ်ရပ်နေသော အစောင့်တစ်ဦး။ ကွတ်ခိုင်မြို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်။

နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှလည်း တူညီသည့် သဘောထားများ ကိုဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံအနေဖြင့် ခေတ်မှီဒီမိုကရေစီနိုင်ငံဖြစ်လာရန် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် တပ်မတော်ဟာ အကြီးမားဆုံး တားဆီးမှုပါပဲ။”ဟု ကမ္ဘာ့ကုလသမဂ္ဂ လွတ်လပ်သော အပြည်ပြည်ဆိုင်ရာအဖြစ်မှန်-ရှာဖွေခြင်းမစ်ရှင် ၏ ဥက္ကဌဖြစ်သူ Marzuki Darusman က OHCHR၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်မှ လက်ရှိ ခေါင်းဆောင်များအားလုံး အစားထိုးခြင်း၊ တပ်မတော်ကို အရပ်အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် အပြည့်အ၀ထားရှိသည့် ပြီးပြည့်စုံသော ပြန်လည်ဖွဲ့စည်းမှုဆောင်ရွက်ရန် လိုအပ်တယ်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုလမ်းစဉ်သည် ၎င်းပေါ်တွင် မူတည်နေပါသည်။”

၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် ငြိမ်းချမ်းရေးစကားဝိုင်း ပြန်လည်ရှင်သန်လာစေရန် တပ်မတော်မှ ပြည်နယ် ၅ နေရာတွင် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ရာ ဒေသခံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှ ချီးကျူးခဲ့ကြသည်။

သို့သော် ယခုနှစ်အစောပိုင်းကတည်းက ဒေသခံထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် တပ်မတော်နှင့် Arakan Army အကြား ပြင်းထန်လာသည့် တိုက်ခိုက်မှုများ ဖြစ်ပွားရာ ရခိုင်ပြည်နယ်သို့ အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ သက်ရောက်မှုမရှိခဲ့ပေ။ ထို့အပြင် အပစ်အခတ်ရပ်ဆဲရေးကာလအတွင်း တပ်မတော်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ၏တိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှ ရွာသူရွာသားများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ပြည်ထောင်စုအဆင့် အစိုးရ၏ နှေးကွေးသော လုပ်ငန်းစဉ်များကြောင့် အောက်ခြေ တိုင်းရင်းသား အဖွဲ့အစည်းများစည်းရုံးကာ ၎င်းတို့၏ အသိုင်းအဝိုင်းများအတွက် ထောက်ခံ ပေးခြင်း၊ အကူအညီပေးအပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း အပေါ် စာရွက်စာတမ်း ပြုစုခြင်းနှင့် လူငယ်များကို ဦးဆောင်မှုနှင့် ဒီမိုကရေစီအကြောင်း ပညာပေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

“ကိုယ့်လူတွေမှ ကိုယ်မကူညီရင် ဘယ်သူကူညီမလဲ။” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးသင့် တအောင်းတိုင်းရင်းသား လူမျိုးစု အသိုင်းအဝိုင်းများကို ကူညီထောက်ပံ့ ပေးခြင်း၊ ၎င်းတို့၏ ဒေသအတွက် တပ်မတော်အား ပုံမှန် ငြိမ်းချမ်းရေးတောင်းဆိုခြင်းတို့ ပြုလုပ်လျက်ရှိသည့် တအောင်း အမျိုးသမီး အသင်းအဖွဲ့ ခေါင်းဆောင် Lway Poe Kamaekhour ကပြောကြားခဲ့သည်။

ယခင်နှစ်က မြန်မာနိုင်ငံတစ်လွှား ဖြစ်ပွားခဲ့သည့် ဆန္ဒပြခြင်းများတွင် တွေ့ခဲ့ရသည့် ပုဒ်မ ၄၃၆ ကိုဖျက်သိမ်းခြင်းကဲ့သို့သော ငြိမ်းချမ်းရေး တောင်းဆိုမှု သို့မဟုတ် ငြိမ်းချမ်းရေး လမ်းစဉ်သို့ လျှောက်လှမ်းမှုများသည် အထူးသဖြင့် လူငယ်များအကြားတွင် အရှိန်ရရှိ လာခဲ့ပြီးဖြစ်သည်။

“[အစိုးရက] ငြိမ်းချမ်းရေးကို ညီလာခံပြုလုပ်သည့် အကြိမ်အရေအတွက်နဲ့ တိုင်းတာ နေပုံရတယ်။ ဒါပေမယ့် အဲ့ဒါက မှန်ကန်တဲ့ တိုင်းတာနည်း မဟုတ်ပါဘူး။ ကျွန်မတို့ [လူငယ်တွေ]ကတော့ ခိုင်မာတဲ့ သဘောတူညီမှုနဲ့ လူထုဆန္ဒကို အသိအမှတ်ပြုမှု လိုအပ်တယ် လို့ထင်တယ်။ အခုက အသိအမှတ်ပြုခြင်း မရှိဘူးလေ။ ကျွန်မတို့သာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မပါဝင်ခဲ့ဘူးဆိုရင် ငြိမ်းချမ်းရေး ဘယ်လိုရယူ နိုင်မလဲ။” ဟု သဉ္ဇာရွှန်းလဲ့ရီကပြောကြားခဲ့သည်။

နိုင်ငံတစ်ဝှမ်းတွင် လူငယ့်အသံနှင့် တိုင်းရင်းသားအသံတို့အပေါ် အသိအမှတ်ပြုခြင်း မရှိသေးသ၍ အဖွဲ့များ ဆက်လက်ဖွဲ့စည်းပြီး ကိုယ်တိုင် စည်းရုံးလှုံ့ဆော်သွားမှာပါ သဉ္ဇာရွှန်းလဲ့ရီကပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးမရမချင်း ကျွန်မတို့ရဲ့အသံတွေ ကြားနေရစေမယ်။”

Article and photography by Victoria Milko.
Editing by Mike Tatarski and Anrike Visser.
Illustrations by Imad Gebrayel.

Taking you where others don't
Ready to make sense of foreign news?

By subscribing you agree that your information will be transferred to MailChimp for processing in accordance with their Privacy Policy (https://mailchimp.com/legal/privacy/) and Terms (https://mailchimp.com/legal/terms/).