10 MIN READ

မြန်မာ့ပြည်တွင်း ပဋိပက္ခများ၏ လူသားပေးဆပ်မှုမျာ

တိုင်းရင်းသားလူမျိုးစုများနှင့် ပဋိပက္ခများပါဝင်သည့် မြန်မာ့ဆက်ဆံရေး (အပိုင်း ၂)

26 September 2019

Burmese   English   Spanish   French   German   Dutch

Listen to this story (English).

တရုတ်နယ်စပ်မှ ၈၀ ကီလိုမီတာ အကွာခန့် စိမ်းစိုလှသည့် တောင်တန်းများအကြားတွင် မြန်မာနိုင်ငံ၏ အရှေ့မြောက်အရပ်ဖြစ်သည့် ရှမ်းပြည်နယ်၊ နမ္မတူမြို့တည်ရှိပါသည်။ ဗြိတိသျှကိုလိုနီခေတ် ငွေထည်နှင့် ခဲသတ္တုတူးဖော်မှုအတွက် ထင်ပေါ်ကျော်ကြားခဲ့သည့် မြို့လေး လည်းဖြစ်ပါသည်။ သို့သော် ယနေ့အခါတွင် အဆိုပါမြို့လေးမှာ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်-ဘက်တော်သား အဖွဲ့မျိုးစုံတို့ အထိန်းအကွပ်မဲ့စွာ တိုက်ခိုက် ပစ်ခတ်မှု များအကြား ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိသော ရှမ်းပြည်နယ် ပဋိပက္ခ၏ ဗဟိုအချက်အခြာ နေရာအဖြစ် ကျော်ကြား လာခဲ့ ပါသည်။

မြစ်ဆုံဆည်စီမံကိန်းကြောင့် ပိတ်ခဲ့ရသည့် ရွှေတွင်းအတွင်းတွင် တရားမဝင် ရွှေတူးကြသူများ။ ရွှေတူးဖော်ကြသူများသည် အနှစ်အနယ်များမှ ရွှေများကို ရယူရန် ပြဒါးကို အသုံးပြုကြသည်။ မြစ်ဆုံ၊ ကချင်ပြည်နယ်၂၀၁၆ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်။

Internal Displacement Monitoring Centre  ၏ပြောကြားချက် အရ အဆိုပါ ပဋိပက္ခကြောင့် မြန်မာနိုင်ငံရှိ စစ်ပြေးဒုက္ခသည် ပြည်သူ ၄၀၁၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၂၀၁၆ ခုနှစ်တွင် EAOs Restoration Council Shan State (RCSS)၊ Shan State Progress Party (SSPP)၊ Ta’ang National Liberation Army (TNLA) နှင့် တပ်မတော်အကြား ဖြစ်ပွားသည့် စစ်ပွဲများ ပြန်လည်စတင်ကတည်းက အဆိုပါ စစ်ပြေးဒုက္ခသည်များမှာ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ကြသူများဖြစ်သည်။

စခန်းအတွင်းရှိ နေထိုင်သူများတွင် ပဋိပက္ခများအကြား ဆုံးရှုံးခဲ့ရသည့် ၎င်းတို့၏ အိုးအိမ်များ၊ မိသားစုဝင်များ၊ သူငယ်ချင်းများ၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး မျှော်လင့်ချက်များ အကြောင်း ကြေကွဲဖွယ်ဘ၀ပုံပြင်များရှိကြသည်။

လက်ရှိတွင် စစ်ပြေးဒုက္ခသည် ၂၀၀ကျော်ခန့် နေထိုင်လျက်ရှိသည့် နမ္မတူမြို့ လီဆူး ဘုရားကျောင်း စခန်းအတွင်းမှ ယာယီအိမ်လေးတွင် ထိုင်ကာ ၂၀၁၆ ခုနှစ် ကတည်းက ဖခင်ဖြစ်သူ၏ တောင်းဆိုချက်အရ စခန်းသို့ ပြောင်းရွေ့ခဲ့ကြောင်း La See ကပြောပြ ခဲ့သည်။

“သူကနောက်ထပ် သားသမီးတွေမဆုံးရှုံးစေချင်ဘူး” ဟုသူကပြောခဲ့သည်။

လီဆူးဘုရားကျောင်းဒုက္ခသည်စခန်းတွင်းနေထိုင်သူတစ်ဦးဖြစ်သည့် La See သည် စခန်းအတွင်းရှိ မိသားစု၏ နေအိမ်အသစ်အတွင်း ထိုင်နေပုံ။ ယခင်နှစ်က La See ၏ မိသားစုဝင်များသည် အနီးအနားရွာတွင် ဆန်ဝယ်ယူရန် ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးခဲ့ဖူးသည်။ သူ၏ မိသားစုဝင်များမှာ RCSS မှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်ဟု La See မှပြောသည်။ သူ၏ မိသားစုဝင်များ ဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် မည်သည့် သတင်းမျှ မကြားခဲ့ရပေ။ နမ္မတူမြို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉)ရက်။

၂၀၁၆ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် အနီးအနားရွာဖြစ်သည့် နမ္မတူမြို့အတွင်းရှိ စျေးထဲတွင် ဆန်ဝယ်ယူရန် ရွာမှထွက်ခွာခဲ့သည့် သူ၏ အစ်ကိုနှစ်ဦးအပါအဝင် အခြားရွာသူရွာသားများ ပျောက်ဆုံးခဲ့ရသည့် ရက်သတ္တပတ်ကို Le See မှ ပြန်လှန်ပြောပြခဲ့သည်။

ထိုအချိန်တွင် အဆိုပါဒေသတစ်ဝိုက်ရှိ ကျေးရွာများကို မတူညီသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့က ထိန်းချုပ်ခြင်းကြောင့် တိုင်းရင်းသားအုပ်စုများအကြား ပဋိပက္ခများ ပိုမိုပြင်းထန် လာခဲ့သည်။

“ရွာသူရွာသားတွေကို ဆန်တစ်ပြည်(၂.၁၃ ကီလိုဂရမ်)ထက် လက်ဝယ်ထားနဲ့လို့ [RCSS]က သတိပေးခဲ့တယ်” ဟု La See ကဆိုသည်။ “ဒါမှ ကျွန်တော်တို့အနေနဲ့[အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို] စားနပ်ရိက္ခာတွေ မထောက်ပံ့ပေးနိုင်တော့မှာပါ။”

RCSS သည် ထိုရက်မတိုင်ခင်ပင် အနီးအနားရှိ ရွာများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သဖြင့် သူ့ရဲ့ မိသားစု ဘယ်တော့မှ အိမ်ပြန်လာခဲ့ခြင်းမရှိသည့်အခါ RCSS ကဖမ်းသွားပြီ ဟုထင်ကာ ကျန်ရှိသော မိသားစုဝင်များမှာ စိုးရိမ်ပူပန်ခဲ့ရကြောင်း La See ကပြောကြား ခဲ့သည်။

“ယနေ့ထက်တိုင် သူတို့တွေ သေလားရှင်လားတောင် ကျွန်တော်မသိပါဘူးဗျာ။ မိသားစုဝင် တစ်ဦးအနေနဲ့တောင် ကျွန်တော် ဘာသတင်းမှ မရခဲ့ပါဘူး။ ဒီနေ့တိုင် ဘာသတင်းမှ မကြား ရတော့ သေပြီလို့ပဲ ယူဆထားပါတယ်။”ဟုသူကပြောသည်။

ဗမာ့တပ်မတော်၏ ခြိမ်းခြောက်မှုများ သို့မဟုတ် အကြမ်းဖက်မှုများကိုလည်း မြန်မာနိုင်ငံတွင် ပြည်သူများ ရင်ဆိုင်ခဲ့ရသည်မှာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီးဖြစ်သည်။

စိုင်းတင့်ချို၏ အကိုဖြစ်သူ စိုင်းမြင့်မွန်သည် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီးခဲ့ရသည်။ တပ်မတော်မှ RCSS အတွက် အခွန်များကောက်ခံ စုဆောင်းပေး နေသည်ဟု စွပ်စွဲခံရပြီး ဧပြီလ ၂၆ ရက်နေ့ ဖမ်းဆီးခံရချိန်မှစတင်ပြီး ထိန်းသိမ်းရေးစခန်းတွင် ရှိနေခဲ့သည်။

“တရားမဝင်သော အသင်းအဖွဲ့၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အသင်းအဖွဲ့၏ အစည်းအဝေးများတွင် ပူးပေါင်းပါဝင်ခြင်းဖြင့်လည်းကောင်း၊ အသင်းအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များအတွက် မည်သည့်အထောက်အပံ့မျိုးကိုမဆို ပေးအပ်ခြင်း၊ လက်ခံခြင်း၊ တောင်းခံခြင်းအားလည်းကောင်း ပြုလုပ်သူ”မည်သူ့ကိုမဆို အာဏာပိုင်များက ဖမ်းဆီးနိုင်သည့် ကိုလိုနီခေတ် ဥပဒေတစ်ခုဖြစ်သည့် ဥပဒေနှင့်မညီညွတ်သော ပူးပေါင်း ဆောင်ရွက်မှုအက်ဥပဒေ ပုဒ်မ ၁၇ အရ ဖမ်းဆီးခံရသော စိုင်းတင့်ချိုကို ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။

“ကျွန်တော့်အကိုက မလုပ်မဖြစ် လုပ်ရမယ့်အရာကို လုပ်ခဲ့ရတာပါ။ ဒီဒေသအတွင်းမှာ ဘ၀တွေက ဒီလိုပါပဲ။ မလုပ်ဘူးလို့ပြောလိုက်ရင် အသတ်ခံရမှာပေါ့။” ဟု စိုင်းမြင့်မွန်က ပြောကြားခဲ့သည်။

စိုင်းမြင့်မွန်သည် ပုဒ်မ ၁၇(၁) ဖြင့် ရင်ဆိုင်နေရသည့် ၎င်း၏ အကိုဖြစ်သူ စိုင်းတင့်ချို၏ ဓာတ်ပုံကို ပြသနေပုံ။ စိုင်းတင့်ချို သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ ရှိ နမ္မတူ ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက် အခွန်ကောက်ခံ စုဆောင်းပေး လျက်ရှိသည် ဟု စွပ်စွဲဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၀)ရက်။

ပဋိပက္ခဒေသများရှိ နိုင်ငံသားများအပေါ် အသုံးချရန်အတွက် တမင်တကာ ပြဌာန်း ထားသည့် အခြား ဥပဒေများလည်းရှိကြောင်း လူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်မှု အဖွဲ့ ဖြစ်သည့် Fortify Rights ၏တည်ထောင်သူနှင့် အမှုဆောင်အရာရှိဖြစ်သူ Matthew Smith ကဆိုသည်။

“အထူးသဖြင့် စစ်တပ်ဝင်ရောက်စွပ်ဖက်မှုရှိတဲ့ အမှုတွေအတွက် မြန်မာ့တရားစီရင်ရေးဟာ လွတ်လပ်မှုမရှိပါဘူး။ ပဋိပက္ခဒေသများရှိ တိုင်းရင်းသား ဒေသခံများဟာ တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေ ပုံမှန်တွေ့ကြုံနေရပါတယ်။”ဟု Smith ကဆိုသည်။

နိုင်ငံတစ်ဝှမ်းရှိ ရွှေ့ပြောင်းဒုက္ခသည်များအတွက် နိုင်ငံတကာအထောက်အပံ့များကို တပ်မတော်မှ တင်းကြပ်စွာဆက်လက် တားမြစ်ထားမှုကြောင့် အဆိုပါဒေသများတွင် နေထိုင်နေသူများအတွက် ပြင်ပအထောက်အပံ့မရရှိနိုင်ပေ။

“အထောက်အပံ့များကို တားမြစ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ပိတ်ပင်ခြင်းနှင့် ဒေသခံပြည်သူများလက်ခံရရှိခြင်းမှ ငြင်းဆိုခြင်း တို့သည် စစ်ဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်နိုင်ပါတယ်။ ရလာဒ် အနေနဲ့ ပြည်သူများအတွက် လုံလောက်တဲ့ အာဟာရ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့် သန့်ရှင်းမှု၊ ခိုလှုံရန်နေရာနှင့် အခြားအခြေခံလိုအပ်ချက်များ မရရှိကြပါဘူး။”ဟု Smith ကပြောကြားခဲ့သည်။

နောက်ဆုံးကျည်ဆန်ပစ်လွှတ်ပြီးနောက် နှစ်ပေါင်းများစွာတိုင်အောင် စစ်ပွဲတစ်ခု၏ အကျိုးဆက် ကျန်ရှိနေပါလိမ့်မည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ခန့်က ပင်လုံသဘောတူစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်း လက်မှတ် ရေးထိုးခဲ့သည့်မြို့ဖြစ်သည့် ပင်လုံမြို့အတွင်းတစ်နေရာတွင် Wee La Tat တစ်ယောက် အိပ်ယာ ပေါ်တွင် လဲလျောင်းနေသည်။ သူ၏ နံဘေးရှိ ပြူတင်းပေါက်မှာ လက်နက်ကြီး ထိမှန်ခြင်းခံရသည့် အတွက် မှန်ကွဲအက်စများကို ပလက်စတစ်ဖြင့် ဖုံးအုပ်ကာရံထားသည်။ ၂၀၁၆ခုနှစ်တွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းကြောင့် ဒူးခေါင်းရှိရာ နေရာအထိ ခြေထောက် တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ဒူးခေါင်းရှိရမည့် နေရာအထက်က သူ၏ ပေါင်ကို ရံဖန်ရံခါ ကုတ်နေတတ်သည်။

မြေမြှုပ်မိုင်းကြောင့် ဘယ်ဘက်ခြေထောက်၊ ညာဘက်ခြေထောက် အသုံးပြုနိုင်မှု၊ အကြား အာရုံနှင့် အမြင်အာရုံ အများစုဆုံးရှုံးခဲ့ရ သဖြင့် အသက် ၃၀ကျော်သာ ရှိသေးသည့် သူ၏ဇနီးဖြစ်သူ ဒေါ်ရွှေမြတ်သည် ဧည့်သည်လာတိုင်း သူ့ကိုယ်စားစကားပြောဆိုပေးသည်။

“တပ်မတော်နဲ့ TNLA တို့အကြား ပြင်းထန်တဲ့တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် တိုက်ခိုက်မှုတွေ ရပ်သွားတဲ့အချိန်မှာ [ကျွန်မတို့ရဲ့]စပါးခင်းထဲမှာ သူဆောက်ထားတဲ့ တဲအိမ်အသစ်လေး ရှိမှရှိသေးရဲ့လားဆိုပြီး သွားရောက် စစ်ဆေးခဲ့တယ်လေ။ အဲ့ဒီအချိန်မှာ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာပါ။ သူ့ကိုရှာတွေ့တဲ့သူတွေရဲ့ ပြောကြားချက်အရ သူ့ကို ရှာတွေ့တဲ့အချိန်မှာ အရေပြားဖတ်သာရှိပြီး ခြေထောက်အရိုး မရှိတော့ဘူးတဲ့။”ဟု သူမကပြောသည်။

ပင်လုံမြို့ရှိ နေအိမ်အတွင်း မြေမြှုပ်မိုင်းနင်းခဲ့သူ Wee La Tat (အိပ်ယာ ပေါ်တွင်)နှင့်သူ၏ ဇနီးဖြစ်သူ ဒေါ်ရွှေမြတ် (ကြမ်းပြင်ပေါ်တွင်) ထိုင်နေပုံ။ Wee La Tatမှာ ဒေသအတွင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးနောက် သူ၏ ပျိုးခင်းများကို စစ်ဆေးရန်သွားရောက်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။ သူ၏ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီး ပေါက်ကွဲမှုကြောင့် နားမကြားနိုင်တော့ပေ။ ပင်လုံမြို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉)ရက်။

Wee La Tat အနေဖြင့် အသက်ရှင် နေထိုင် လိုစိတ်ပါ ဆုံးရှုံးခဲ့ရသည်ဟု သူ၏ဇနီးက ပြောကြားခဲ့သည်။

“သူဟာ သေလူတစ်ယောက်လိုပါပဲ။ သူစကားပြောလိုက်တိုင်း သေချင်တယ်ပဲပြောတယ်။ သူ့အနေနဲ့ ဆက်လက် အသက်ရှင်နေထိုင်လိုစိတ် မရှိတော့ဘူးလေ။” ဟုဒေါ်ရွှေမြတ်က ရှင်းပြခဲ့သည်။

တပ်မတော်မှ ဒေသအတွင်းသို့ လွန်ခဲ့သည့် နှစ်လခန့်က ဝင်ရောက်လာချိန်မှ စ၍ ဒေသအတွင်းတွင် တည်ငြိမ်အေးချမ်းမှု ပိုရှိလာခဲ့သည်ဟု ဒေါ်ရွှေမြတ်က ဆိုသည်။

“ဗမာစစ်သားတွေဒီကိုရောက်လာတာကောင်းပါတယ်။ သူတို့မရှိရင် ပြိုင်ဘက်တွေဟာ ကျွန်မတို့ရွာနားတစ်ဝိုက်မှာ ဆိုးဆိုးရွားရွား တိုက်ခိုက်ကြပါတယ်။” ဟုသူမကပြောခဲ့သည်။

သို့သော် လူတိုင်း ထပ်တူခံစားရခြင်း မရှိပေ။

ကွတ်ခိုင်မြို့မှ တစ်နာရီခန့်မောင်းနှင်သည့်အခါ တရုတ်-ဗမာအဝေးပြေးလမ်းမပေါ်တွင် ကုန်သွယ်မှုမြို့နယ်တစ်ခုရှိသည်။ ဖုန်ထူသောလမ်းအဆုံးရှိ ကချင်ဘုရားကျောင်း အတွင်းတွင် စစ်ပြေးဒုက္ခသည် ၂၀၀ ခန့်ရှိပါသည်။ အနီးအနားရှိ ကွင်းပြင်တွင် ကလေးများ ဆော့ကစားနေပြီး အမျိုးသမီးများက စောင်များကို အခြောက်လှန်းနေသည်ကို တွေ့မြင်နိုင်ပါသည်။

ဘုရားကျောင်းအတွင်းမှ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ဂျပုက သူမနှင့် အခြား ရွာသူရွာသားများသည် ကချင်လွတ်လပ်ရေးတပ်ဖွဲ့နှင့် တပ်မတော်အကြား ပစ်ခတ်သည့် သေနတ်သံများကြားသည့်အခါတွင် ရှောင်ခွာထွက်ပြေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ရွာအနီးအနားမှာ တိုက်ခိုက်မှုတွေဖြစ်ခဲ့ချိန်တုန်းက ဆိုးရွားတဲ့အတွေ့အကြုံတွေ ရရှိခဲ့ တာကြောင့် ဒီတစ်ခါမှာတော့ ကြိုတင်ရှောင်ခွာထွက်ပြေးဖို့ အဆင်သင့် ဖြစ်နေခဲ့ ကြပါတယ်။”ဟု လွန်ခဲ့သည့် ၈လအတွင်း ဒေသတစ်ဝိုက်ရှိ ပစ်ခတ်တိုက်ခိုက်မှုများ အကြောင်းရည်ညွှန်းပြောဆိုခဲ့သည်။ “ကျွန်မတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်တစ်ခါ ပြောင်းရွှေ့အခြေမဲ့ရပြန်ပါပြီ။”

ကွတ်ခိုင်မြို့မှ ကားဖြင့်သွားလျှင် မိနစ် ၄၀ခန့်အကွာတွင်ရှိသော ကချင်ဘုရားကျောင်းဝင်းအတွင်း ထိုင်နေသည့် လတ်တလောပြောင်းရွေ့လာသည့် စစ်ပြေးဒုက္ခသည်။ အဆိုပါ စစ်ပြေးဒုက္ခသည်မှာ မိုးဟန်းကျေးရွာတစ်ဝိုက်တွင် TNLA နှင့် တပ်မတော် တို့ တိုက်ခိုက်သည့် လွန်ခဲ့သည့် တစ်ပတ်က ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကျေးရွာတွင် လွန်ခဲ့သည့် ၈လခန့်ကတည်းက TNLA ရောက်ရှိနေခြင်းဖြစ်သည်ဟု စစ်ပြေးဒုက္ခသည်၏ ပြောကြားချက်အရ သိရသည်။ ကွတ်ခိုင်မြို့ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြေအနေမှာ အထူးအဆန်းမဟုတ်ပေ။

ယခင်နှစ်ကတည်းက မြန်မာပြည်တစ်ဝှမ်း စစ်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ ကမ္ဘာ့ ကုလသမဂ္ဂမှ မြန်မာနိုင်ငံအတွင်း လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဖြစ်ရပ်မှန်ရှာဖွေမှု လုပ်ငန်းစဉ်မှ ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် တပ်မတော်မှ “ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်” ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၇ခုနှစ် ဩဂုတ်လ ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်း ၃၀ကျော်အား Arakan Salvation Rohingya Army မှဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံး ခဲ့ရသည်။ ထို့နောက် ဗမာ့ တပ်မတော်မှ “နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်” ပြုလုပ်ခဲ့ရာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာမွတ်စလင်လူမျိုး ၇၅၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်အရေးမှာ နိုင်ငံတကာမှ သိရှိခဲ့သည့် ထင်ရှားသော ပဋိပက္ခတစ်ရပ်ဖြစ်သည်။

ပထမဆုံးအကြမ်းဖက်သည့်လတစ်လတည်းမှာပင် ငါးနှစ်အောက်ကလေးငယ် ၇၃၀ ဦး အပါအဝင် ရိုဟင်ဂျာလူမျိုး ၆၇၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ခန့်မှန်းခဲ့ကြသည်။ ဗမာ့တပ်မတော်မှ “လူမျိုးတုန်းသတ်ဖြတ်မှု” ရာဇဝတ်မှု ကျူးလွန်ကြောင်း ၂၀၁၈ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဖြစ်သူ Yanghee Lee ကပြောကြားခဲ့သည်။ ရိုဟင်ဂျာလူမျိုး ၅၀၀၀၀၀ခန့် သည် အစားအသောက်၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ နိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ စခန်း သို့မဟုတ် စခန်းနှင့်တူသော အခြေအနေများတွင် ယနေ့တိုင် ဆက်လက်နေထိုင်လျက်ရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့များမှ ခန့်မှန်းခဲ့ ကြသည်။

ရိုဟင်ဂျာမွတ်ဆလင်များကို ဘင်္ဂလားဒေ့ရှ်သို့ နှင်လွှတ်ခြင်းဟူသည့် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး၏ စွပ်စွဲချက်နှင့် အာဏာလွှမ်းမိုးခြင်းအပေါ် “ခိုင်မာစွာငြင်းပယ်ကြောင်း” ဖော်ပြထားသည့် ကြေညာချက်တစ်စောင်ကို မြန်မာအစိုးရမှ ထုတ်ပြန်ကာ တိုက်ခိုက်မှုများအတွက် တာဝန်မရှိကြောင်း ငြင်းဆိုသည်။

နမ္မတူမြို့ လီဆူး ဘုရားကျောင်း ဒုက္ခသည်စခန်းအတွင်းတွင် La See အား ယခု တစ်သက်တာတွင် ငြိမ်းချမ်းရေးကို ခံစားရမည်ဟု ထင်ပါသလားဟူသော မေးခွန်းအပေါ်  ၎င်းကရိုးရှင်းစွာ ပြန်လည်ဖြေကြားခဲ့သည်-“အနာဂတ်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူးဗျာ။”ဟူ၍ဖြစ်သည်။

Article and photography by Victoria Milko.
Editing by Mike Tatarski and Anrike Visser.
Illustrations by Imad Gebrayel.

Taking you where others don't
Ready to make sense of foreign news?

By subscribing you agree that your information will be transferred to MailChimp for processing in accordance with their Privacy Policy (https://mailchimp.com/legal/privacy/) and Terms (https://mailchimp.com/legal/terms/).